မြောင်မြောင် ဘာလို့အော်ကြတယ်

ကြောင်ပေါက်လေးတွေ မြောင်မြောင်အော်ကြတယ်ဆိုတာ အစာတောင်းဖို့နဲ့ (ဂရုစိုက်တာခံချင်လို့) သူတို့အမေကို ခေါ်ဖို့ပါ။ အခြားရည်ရွယ်ချက်တွေ၊ အတွေးတွေ သူတို့မှာ မရှိကြပါဘူး။ အသံထွက်ပြီးအော်လိုက်တာက လူတွေမှာဆို ကလေးငယ်လေးတွေ အော်ငိုသလိုပါပဲ။ ဒါပေမယ့် ကြောင်ပေါက်မောင်နှမတွေဟာ တစ်ကောင်နဲ့တစ်ကောင် မြောင်မြောင်အော်သံချင်း မတူကြဘူးဆိုတာကို သေချာဂရုစိုက်နားထောင်ကြည့်ရင် သိပါလိမ့်မယ်။
ကြောင်ပေါက်စလေးတွေက လူတွေနဲ့စပြီး ထိတွေ့ဆက်ဆံနိုင်ပြီဆိုတာနဲ့ သူတို့တစ်မြောင်မြောင်အော်သံကြောင့် လူတွေရဲ့ဂရုစိုက်မှုတွေကို ရရှိနိုင်တယ်ဆိုတာကို သိရှိနားလည်လာပါလိမ့်မယ်။ အဲလိုအရွယ်မှာမှ လူတွေကို တစ်မြောင်မြောင်အော်ပြီး စကားမေးထူးခေါ်ပြောမလုပ်တတ်ခဲ့ဘူးဆိုရင် (သို့) အဲ့လို့ လူတွေနဲ့ ထိတွေ့ဆက်ဆံခွင့်မရရှိခဲ့ရင်တော့ အဲ့ကြောင်လေးတွေဟာ ဘယ်တော့မှ မြောင်မြောင်အော်ပြီး လူတွေနဲ့ ကူးလူးဆက်ဆံတတ်တော့မှာမဟုတ်ပါဘူး။
သူတို့တွေ လူကိုစပြီး မြောင်မြောင်အအော်စမ်းပြီဆိုရင် အဲဒါဘယ်လိုမြောင်မြောင်အော်သံက လူတွေရဲ့တုံ့ပြန်မှုကို ပိုရနိုင်မလဲဆိုတာကို ဆန်းစစ်ချင်တာပါ။ မြောင်သံအမျိုးမျိုးကို အသုံးပြုပြီး စမ်းသပ်ပါလိမ့်မယ်။ အဲ့မြောင်မြောင်သံမျိုးစုံထဲကမှ သူ့သခင်ရဲ့အာရုံစိုက်မှုကို အရဆုံးဖြစ်တဲ့ ညောင်သံကို သူတို့အမြဲသုံးပါလိမ့်မယ်။ တစ်မြောင်မြောင်အော်အော်နေလို့ အရမ်းနားပူပြီး စိတ်မဆိုးလိုက်ပါနဲ့နော်။ ဘာလို့လဲဆိုတော့ ကြောင်လေးတွေဟာ အသက်ကြီးလာတာနဲ့အမျှ မြောင်မြောင်အော်တဲ့အကြိမ်ရေ လျော့ကျလာမှာမို့လို့ပါ။ သူတို့တွေအသက်ကြီးလာရင် အဲ့မြောင်မြောင်သံလေးတွေကို သိပ်ကြားရမှာ မဟုတ်တော့တာမို့ အော်နေတုန်းလေး နားထောင်ပေးလိုက်ပါနော်။
သူတို့ဗိုက်ဆာရင်အော်တဲ့ မြောင်မြောင်ကတော့ အစူးဆုံးမြောင်မြောင်သံမျိုးဖြစ်နိုင်ပါတယ်။
ကြောင်တစ်ကောင်က အသံတိတ်ပြီး လေသံနဲ့ မြောင်မြောင်အော်နေတာမျိုးတွေ့ဖူးကြလား။ အဲဒါတစ်ကယ်တော့ အသံတိတ်အော်နေတာ မဟုတ်ပါဘူး။ လူတွေနားနဲ့တောင် မကြားနိုင်တဲ့ အရမ်းမြင့်တဲ့အသံလှိုင်းနဲ့ မြောင်မြောင်အော်နေတာပါ။ အသံမြင့်မြင့်နဲ့အော်တတ်ပြီး အသံအမျိုးမျိုးပြောင်းတတ်တဲ့အချို့ကြောင်မျိုးတွေ (ဥပမာ Siamese ကြောင်မျိုး) ကတော့ လူတွေနဲ့ကူးလူးပြောဆိုဖို့ မြောင်မြောင်သံအမျိုးမျိုးကို အနိမ့်အမြင့်နဲ့ အော်တတ်ကြပါတယ်။ ဒါကြောင့် အဲ့လိုကြောင်မျိုးတွေကို ပိုင်ဆိုင်ထားတဲ့သူတွေက မြောင်သံ သုံးလေးမျိုးလောက်ကို မှတ်ထားပြီး ဘယ်လိုမြောင်ရင် ဘာလုပ်စေချင်တာဆိုတာကို မှန်းဆနားလည်ခြင်းအားဖြင့် ကိုယ့်ကြောင်လေးနဲ့ ပိုပြီး ရင်းနှီးနားလည်နိုင်ပါလိမ့်မယ်။ ဥပမာ - "မြောင့်မြောင်မြောင်း" ဆို "ဗိုက်ဆာတယ် creamy ကျွေး" ဆိုတာမျိုးပေါ့ 😄
ပက်ယူနတီ

Leave a comment