အိမ်မွေးတိရစ္ဆာန်လေးတွေမှာ အဝလွန်ခြင်းဖြစ်ပေါ်နေပြီလား?

2018 ဖေဖော်ဝါရီလတွင် ထုတ်ပြန်သော စစ်တမ်းများအရ ကမ္ဘာပေါ်မှာ အိမ်မွေးတိရစ္ဆာန်များ အဝလွန်ခြင်းကို သတိထားဆောင်ရွက်သင့်နေပြီဖြစ်ကြောင်း တိရိစ္ဆာန်ချစ်သူများကို အသိပေးထားပါတယ်။

 

တစ်ကမ္ဘာလုံး၏စစ်တမ်းများအရ အိမ်မွေးခွေးလေးတွေမှာ အဝလွန်မှု ၅၉% ထိမြင့်မားနေပြီး၊ ကြောင်လေးတွေမှာတော့ ၅၂% ထိရောက်ရှိနေပါတယ်။

အဝလွန်ခြင်းဆိုတာကတော့ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အဆီပမာဏလွန်ကဲမှုကြောင့်ဖြစ်သော အစာအာဟာရနဲ့ဆိုင်တဲ့ ရောဂါတစ်မျိုးပါ။
မိမိတို့၏ ခွေးလေးတွေကို အစာလွန်ကဲစွာကျွေးခြင်းနှင့် ပုံမှန်လေ့ကျင့်ခန်းမလုပ်ပေးဖြစ်ပါက ခွေးလေးတွေဟာ အဝလွန်ဖို့ ပိုမိုလွယ်ကူလာပါလိမ့်မယ်။

အဝလွန်ခြင်းဟာ အသက်အန္တရာယ်နဲ့ဆိုင်တဲ့ ကျန်းမာရေးဆိုးကျိုးများကိုလည်း ဖြစ်စေတတ်ပါတယ်။
အဆီပိုတွေဟာ အဓိကအားဖြင့် အစာခြေအင်္ဂါအဖွဲ့အစည်းများ၊ အသက်ရှုအင်္ဂါ အဖွဲအစည်းများနှင့် အရိုးများနဲ့အဆစ်များကို အဓိကအားဖြင့် ထိခိုက်စေပါတယ်။

အဝလွန်ခြင်းဟာ ခွေးတွေမှာ အသက်အရွယ်မရွေး ဖြစ်တတ်တဲ့ အခြေအနေတစ်ခုဖြစ်ပေမယ့် အသက် ငါးနှစ်နဲ့ ဆယ်နှစ်ကြားမှာရှိတဲ့ သက်လတ်ပိုင်းခွေးတွေမှာပိုအဖြစ်များပါတယ်။ အိမ်တွင်းခွေးများနဲ့ မျိုးပွားနိုင်သည့် အရွယ်မရောက်သေးသောခွေးများမှာ သူတို့၏သက်တမ်းထက်ပို၍ အဝလွန်ခြင်း ပိုဖြစ်တတ်ပါတယ်။

 

 

ခွေးတွေမှာ အဝလွန်ခြင်းကိုဖြစ်စေတဲ့ အကြောင်းရင်းများ
(၁) အစားအစာများလွန်ကဲစွာကျွေးမွေးခြင်း

စားကြွင်းစားကျန်များနှင့် အဆီများသော အစားအစာများကျွေးခြင်း၊
စားနေကျ အစားအစာများကိုပုံမှန်မကျွေးဘဲ မကြာခဏပြောင်းလဲကျွေးခြင်းဟာ အဝလွန်ခြင်းကို ဖြစ်စေပါတယ်။

(၂) လေ့ကျင့်ခန်းမလုပ်ပေးခြင်း
ခွေးပိုင်ရှင်တွေက အိမ်တွင်းမှာပဲ ဂရုတစိုက်ပြုစုစောင့်ရှောက်ထားပြီး လွဲမှားနေတဲ့ အယူအဆတွေကြောင့် လေ့ကျင့်ခန်းမလုပ်စေခြင်းဟာလည်း အဝလွန်ခြင်းကိုဖြစ်စေပါတယ်။

(၃) အသက်အရွယ်
အသက်ငါးနှစ်ကျော်လာတဲ့ ခွေးတွေဟာ လှုပ်ရှားသွားလာမှုနည်းပါးလာပြီး နေ့စဉ်နဲ့အမျှ calories လောင်ကျွမ်းမှု နည်းပါးလာပါတယ်။
ဒါကြောင့် အဝလွန်ခြင်းတွေကိုဖြစ်စေတတ်တာဟာ အသက်အရွယ်နဲ့လည်း သက်ဆိုင်နေပါတယ်။

(၄) မျိုးရိုးဗီဇ
အချို့သောသားပေါက်လေးတွေမှာ မျိုးရိုးဗီဇကြောင့် အဝလွန်တဲ့ဝေဒနာကို ခံစားနေရပါတယ်။

(၅) ရောဂါများ
လည်မျိုအရှေ့ပိုင်းမှာရှိသော thyroid ဂလင်းမှ thyroid ဟော်မုန်းထုတ်မှု နည်းပါးခြင်းနှင့် pancreas (မုန့်ချိုအိတ်)မှ insulin ဒြပ်လိုအပ်သည်ထက် ပိုထုတ်ခြင်း တို့က ကိုယ်အလေးချိန်တက်ခြင်းကို ဖြစ်စေပါတယ်။

ခွေးလေးတွေမှာဖြစ်တတ်တဲ့ အဝလွန်ခြင်းဆိုင်ရာ လက္ခဏာများ

- ကိုယ်အလေးချိန်တက်ခြင်း
- နံရိုးအိမ်ကိုကောင်းစွာမမြင်ရပဲ အဆီများဖြင့် ဖုံးလွှမ်းနေခြင်း
- အဆီပိုများ များစွာရှိခြင်း
- ဝမ်းဗိုက်ဖောင်းနေခြင်း
- ရွေ့လျားသွားလာမှုနည်းပါခြင်း
- လေးလံထိုင်မှိုင်းခြင်း
- အသက်ရှုခက်ခဲခြင်း
.
အသက်ကြီးလာတဲ့ ခွေးတွေဟာ အရိုးနဲ့ အဆစ်များ နာကျင်မှုကြောင့်သော်လည်းကောင်း၊ လေ့ကျင့်ခန်းလုပ်ရန် အခက်အခဲရှိသောကြောင့်သော်လည်းကောင်း အဝလွန်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ခွေးလေးတွေဟာ အသက်ကြီးလာတာနဲ့အမျှ အစာခြေဖျက်မှု၊ စွန့်ထုတ်မှုတွေ နှေးလာပြီး ကိုယ်အလေးချိန်တိုးခြင်းကိုဖြစ်ပေါ်စေပါတယ်။

အစားအစာများကို ကျန်းမာရေးနဲ့ ညီညွတ်အောင် မစားသုံးခြင်းကလည်း အဝလွန်ခြင်းပိုဖြစ်စေပါတယ်။ calorie မြင့်သော အစားအစာများကျွေးခြင်း တစ်ရက်လျှင် အစားအစာများကို အကြိမ်များစွာကျွေးခြင်းတို့ကလည်း အဝလွန်ခြင်းကို ပိုမိုဖြစ်စေပါတယ်။

ပုံမှန်အားဖြင့် ခွေးလေးတွေ အဝလွန်ခြင်းကို ကိုယ်အလေးချိန်တိုင်းခြင်းနှင့် ကိုယ်အင်္ဂါ အစိတ်အပိုင်းများကို ကြည့်ရှု စစ်ဆေးခြင်းဖြင့် သိနိုင်ပါတယ်။

ကိုယ်အလေးချိန် တိုင်းတာခြင်းနည်းလမ်းများ

နံရိုး၊ ကျောရိုးနဲ့ တင်ပါးဆုံရိုးတို့ကို အဝေးမှ အထင်းသားမြင်နေရပြီဆိုရင် ကိုယ်အလေးချိန် သာမန်အောက်လျော့နည်းနေလို့ပါ။

ခါးဟာ ခန္ဓာကိုယ်အပေါ်ပိုင်းထက်
သေးနေပါက ကိုယ်အလေးချိန်အသင့်အတင့်ဖြစ်ပါတယ်။

ခါးနှင် ခန္ဓာကိုယ်အပေါ်ပိုင်းတို့ အရွယ်အစားကွဲပြားမှုမရှိခြင်းတို့ဟာ ကိုယ်အလေးချိန်သာမန်ထက်များနေလို့ပါ။

ခါးဟာ ခန္ဓာကိုယ်အပေါ်ပိုင်းအရွယ်အစားထက် ကြီးနေခြင်း၊
ဗိုက်ပူ ဗိုက်ကားနေခြင်းတို့ဟာ အဝလွန်နေလို့ပါ။

သင့်ရဲ့ခွေးလေးဟာ ကိုယ်အလေးချိန် သာမန်ထက်များနေခြင်း (သို့မဟုတ်)
အဝလွန်နေခြင်းတို့ဖြစ်နေပါက တိရစ္ဆာန်ကု ဆရာဝန်နှင့်တိုင်ပင်၍
ကိုယ်အလေးချိန်ထိန်းသိမ်းခြင်းပြုလုပ်ပေးသင့်ပါတယ်။
တိရစ္ဆာန်ကုဆရာဝန်ဟာ ကိုယ်အလေးချိန်နှင့် ခန္ဓာကိုယ်အနေအထား အဆင့်သတ်မှတ်ချက်တွေ တိုင်းပေးပါလိမ့်မယ်။

 

 

အဝလွန်ခြင်းကို ကုသနည်းများ

ပထမဆုံးအနေနဲ့ ကုသတဲ့နည်းတစ်ခုကတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန်ရအောင် ထိန်းသိမ်းခြင်းပါ။ ကယ်လိုရီများသော အစားအစာများလျှော့ကျွေးခြင်းနှင့် လေ့ကျင်ခန်းပုံမှန်လုပ်ပေးခြင်းတို့ဟာ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးပါတယ်။

တိရစ္ဆာန်ကုဆရာဝန်က သင့်လျော်သောအစားအစာ၊ အစာကျွေးရမည့်ပမာဏ၊ အစာကျွေးရမည့်အချိန်နှင့် ကျွေးရမည့်အကြိမ်အရေအတွက်တို့အပြင် လုပ်ဆောင်သင့်တဲ့ လေ့ကျင့်ခန်းတို့ကို ညွှန်ကြားပေးပါလိမ့်မယ်။

အစာအာဟာရကို အချိုးအစားမျှတစွာစားသုံးခြင်းဟာ အစာအိမ်၊ အူလမ်းကြောင်းနဲ့ပတ်သက်တဲ့ပြဿနာတွေဖြစ်တဲ့ ပျို့အန်၊ ဗိုက်အောင့်၊ ဝမ်းမမှန်ခြင်းတို့မှ ကာကွယ်ပေးပါတယ်။ တိရစ္ဆာန်ကုဆရာဝန်မှမညွှန်ကြားဘဲ အစားအစာအသစ်တစ်မျိုး ဝယ်ယူပြီးပါက ထိုအစားအစာကို ကျွေးနေကျအစာများနှင့်တစ်ဝက်စီ ရောကျွေးပေးပါ။ တစ်ပတ်လောက် တစ်ဝက်စီ ရောကျွေးကြည့်လို့ ဘာဆိုးကျိုးမျှမရှိရင် အစာအသစ်ကို စိတ်ချစွာကျွေးမွေးနိုင်ပါပြီ။

ပဲနှင့် ဟင်းသီးဟင်းရွက်များကျွေးခြင်းဟာ အကောင်းဆုံးနည်းလမ်းတစ်ခုပါ။ ကိုယ်အလေးချိန်ထိန်းသိမ်းတာကို အထောက်အကူပြုတဲ့ ထောက်ခံချက်ရခွေးစာများစွာရှိပါတယ်။

အိမ်တွင်းအစားအစာများဟာ နေ့စဉ်လိုအပ်တဲ့ ဗီတာမင်နှင့် သတ္တုဓာတ်များ လုံလောက်စွာမပါဝင်တာကြောင့် ၎င်းတို့ကိုနေ့စဉ်ကျွေးဖို့တော့ အတတ်ပညာရှင်များက ထောက်ခံမထားပါဘူး။

နောက်ထပ်ကောင်းတဲ့အရာတစ်ခုကတော့ ကစားစရာအရုပ် (သို့) ဘောလုံးတို့ဖြင့် ဆော့ကစားခြင်းဖြစ်ပါတယ်။ ခွေးပိုင်ရှင်အများစုဟာ ခွေးများကို training နေ့တိုင်းလုပ်မပေးနိုင်ကြပါဘူး။

ဒါကြောင့် ကစားစရာအရုပ်များဖြင့် ဆော့ကစားစေခြင်းဟာ လေ့ကျင့်ခန်းလုပ်ပြီးသားဖြစ်သွားစေပါတယ်။

နောက်ဆုံးအနေနဲ့အကြံပေးလိုတာကတော့ မိမိတို့ရဲ့တိရစ္ဆာန်လေး(ကလေး)တွေကို စားကြွင်းစားကျန်များကျွေးခြင်းနဲ့ အခြားစွန့်ပစ်အစားအစာများလျှောက်စားခြင်းမှ ကာကွယ်ဖို့အတွက် သူငယ်ချင်းမိတ်ဆွေများနှင့် မိသားစုဝင်များကို သေချာရှင်းပြထားသင့်ပါတယ်နော်။

Ref: Obesity in dogs

Leave a comment