ဟီးရိုးခွေးကလေး Axel

မကြာသေးခင်က ဟီးရိုးခွေးကလေး Axel က အသက် ၈၆ နှစ်အရွယ် သူ့ရဲ့သခင်ကို လုယက်သူတွေရဲ့လက်က ကယ်တင်ခဲ့တဲ့သတင်းလေးကို တင်ပြပေးမှာဖြစ်ပါတယ်။
Axel ဆိုတဲ့ ခွေးလေးဟာ လုယက်သူတွေရဲ့ တိုက်ခိုက်မှုကြောင့် အထိတ်တလန့်ဖြစ်နေတဲ့ အသက် ၈၆ နှစ်အရွယ် Joyce Ackerley ရဲ့ အသက်ကို ကယ်ခဲ့ပါတယ်။
မန်ချက်စတာဥယျာဉ်ထဲမှာ Joyce တစ်ယောက် လမ်းလျှောက်နေတုန်း အကြမ်းဖက်သူတစ်ဦးက သူ့ရဲ့ခေါင်းကို တံမြက်စည်းနဲ့ ရုတ်တရက်ရိုက်လိုက်ပြီး လည်ဆွဲကို လုယူဖို့ကြိုးစားခဲ့ပါတယ်။ ဒါကို ခွေးကလေး Axel မြင်သွားပြီး လူဆိုးကိုခုန်အုပ်ကိုက်ခဲကာ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အပြင် ထိုသူထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ လမ်းတစ်လျှောက်လည်း လိုက်လံရှာဖွေခဲ့ပါတယ်။
Axel ဟာ Joyce အတွက်တော့ သူရဲကောင်းတစ်ဦးဖြစ်ပြီး သူ့ရဲ့အသက်သခင်ကျေးဇူးရှင်ပါပဲ။

"Axel အခုလိုမျိုး လူတစ်ယောက်ကို အကြမ်းပတမ်း ခုန်အုပ်တာမျိုး၊ ပြားပြားဝပ်နေအောင် တိုက်ခိုက်တာမျိုး မြင်ကိုမမြင်ဖူးပါဘူး။ သူ့ခမျာ အဲသည့်လူထွက်ပြေးမှာစိုးလို့ လက်မောင်းကို ကိုက်ဆွဲထားပေမယ့် သူနဲ့အင်အားမမျှတော့ အဲ့လူက သူ့ကိုပြန်တိုက်ခိုက်တွန်းထုတ်ပြီး လွတ်သွားပါတယ်။ ကျွန်မမှာ Axel လေးကို ဆုံးရှုံးရတော့မယ်ဆိုပြီး စိတ်ပူခဲ့ရပါတယ်။ ကံသီပေလို့ပဲ... Axel လေးရဲ့နှာခေါင်းမှာ ဒဏ်ရာနည်းနည်းပဲ ရခဲ့ပါတယ်။"

"Axel လေးက အရမ်းကိုလိမ္မာပြီး ပါးနပ်တဲ့ကောင်လေးပါ။ ပါးနပ်ပြီးသိမ်မွေ့တဲ့ ဘီလူးလေးဆိုရင် မမှားပါဘူး" လို့လည်း သူ့ရဲ့ခွေးလေးကို Joyce က အမွှမ်းတင်ပြီး ပြောသွားပါသေးတယ်။
"သူက ကျွန်မအသက်ကိုကယ်ထားတာဆိုတော့ သူ့အလိုလိုက်ပြီး သူပျော်အောင်ထားမှာပါ" လို့လည်း အာမခံလိုက်ပါသေးတယ်။

မန်ချက်စတာမြို့ရဲတပ်ဖွဲ့မှ ရဲမှူး Steven Hughes ကလည်း-

"Axel သာ အဲလိုအခြေအနေမျိုးမှာ ဝင်မကယ်ခဲ့ဘဲ ပြစ်မှုကျူးလွန်သူကို ကြောက်နေခဲ့မယ်ဆိုရင် အခြေအနေက အများကြီးပိုဆိုးသွားမှာပါ" လို့ ဝန်ခံပြောကြားသွားခဲ့ပါတယ်။

လောလောဆယ်တော့ ပြစ်မှုကျူးလွန်သူကို ဖမ်းမမိသေးပါဘူး။ မျက်မြင်သက်သေရှိခဲ့ရင် အမြန်ဆုံးသတင်းပေးကူညီဖို့လည်း ရဲတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။